နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ရတနာဆင်ဖြူတော်ရောက်ရှိပြီ ဖြစ်ကြောင်း ၊ အဆိုပါ ရတနာဆင်ဖြူတော် အထီးလေးကို ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ အသက် ၃၃နှစ်အရွယ် ဆင်မ ဇာနန်းလှက ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက် နံနက် ၆ နာရီခွဲအချိန်တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။
>မွေးဖွားကာစတွင် ဆင်ဖြူတော်ကလေး အရပ်အမြင့်မှာ ၂ပေ၅လက်မ၊ ကိုယ်လုံး လုံးပတ် ၃ပေ၁လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ခန့် ရှိခဲ့ကာ ယခု အခါ အရပ်အမြင့် ၂ပေ ၉လက်မ၊ ကိုယ်လုံးလုံးပတ် ၄ပေ၊ ကိုယ်အလေးချိန် ၂၆၀ ပေါင်ရှိလာပြီဖြစ်ကြောင်း သိရသည်။
မွေးဖွားပြီးစဉ်ကတည်းက မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိသည့်အပြင် လူနှင့် ယဉ်ပါးသည့် ဆင်ဖြူတော်ကလေးဖြစ်သည့်အတွက် ပိုမိုယဉ်ပါးလာစေရန် Human Friendly Training စနစ်ဖြင့် လေ့ကျင့်သင်ကြားပေးနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။ ဆင်ဖြူတော်ကလေးတွင် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက် အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူ ရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ခုစီနှင့် နောက်ခြေသည်း ၄ခုစီပါရှိခြင်း၊ နားကြီးခြင်းစသည့် ရတနာ ဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက်ကိုက်ညီသော ဆင်ဖြူတော်ကလေး ဖြစ်ကြောင်းလည်း သိရသည်။