နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ်အား ရွှေစင်ရွှေပြားသင်္ကန်း ကပ်လှူ ပူဇော်ခြင်း၊ လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းနှင့်စပ်လျဉ်း၍ စေတီတော်‌ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၃

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ်အား ရွှေစင်ရွှေပြား သင်္ကန်းကပ်လှူပူဇော်ခြင်း၊ လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းနှင့်စပ်လျဉ်း၍ စေတီတော်‌ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲကို ယနေ့ ညနေပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ သံဃာရာမ အဆောင်(၁) ဧည့်ခန်းမဆောင်၌ ကျင်းပသည်။

အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်‌ ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့၊ မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဩဝါဒါစရိယ ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မင်းကျောင်း ဆရာတော်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွား သရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရား တော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က သာသနာရေးဆိုင်ရာများနှင့် ဥပ္ပါတ သန္တိစေတီတော်မြတ်ကြီးအား ထုံးတမ်းအစဉ်အလာများနှင့်အညီ ပထမဖောင်းရစ်အား ရွှေစင်ရွှေပြား သင်္ကန်းကပ်လှူပူဇော်ခြင်း၊ လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းလျှောက်ထားကြသည်။

ယင်းနောက် ဥပ္ပါတသန္တိစေတီတော်‌ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက စေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်အား ရွှေစင်ရွှေပြားကပ်လှူခြင်းနှင့် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းသည် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ ဂုဏ်တော်ကိုအာရုံပြု၍ အများပြည်သူ ရဟန်းရှင်လူများ ဆထက်ထမ်းပိုး ကြည်ညိုဖွယ်ဖြစ်အောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ တန်ခိုးကြီး ဘုရားစေတီများအား ၅  နှစ်တစ်ကြိမ် ရွှေသင်္ကန်း ပြန်လည်ကပ်လှူဒါန်း ပူဇော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဘုရားရှင်၏ ဂုဏ်တော်များကို အမြဲမပြတ် ပွားများ အားထုတ်ကြမည်ဆိုပါက မိမိတို့ ရည်မှန်းထားသည့်အတိုင်း အောင်မြင်အောင် ဆောင်ရွက် နိုင်ကြမည်ဖြစ်၍  ဗုဒ္ဓါနုဿတိ ဘာဝနာ ပွားများ၍ ဆောင်ရွက်ကြစေလိုကြောင်း မိန့်ကြားသည်။

ဆက်လက်၍ ဥပ္ပါတသန္တိစေတီတော်‌ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ သီဟိုဠ်ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ(ကျောက်မဲ)ဆရာတော်နှင့် လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒက စေတီတော်မြတ် ကြီး၏ ပထမဖောင်းရစ်အား ရွှေစင်ရွှေပြားကပ်လှူခြင်း၊ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းနှင့် စပ်လျဉ်း၍  ဩဝါဒကထာများ မိန့်ကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဥပ္ပါတသန္တိ စေတီတော်‌ ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကျောက်မဲဆရာတော်ထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကာ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)


Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zcjxpszw/public_html/uppatasantipagoda.org.mm/wp-includes/functions.php on line 5471

Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zcjxpszw/public_html/uppatasantipagoda.org.mm/wp-includes/functions.php on line 5471