
ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သည် နေပြည်တော်ရှိ ရဟန်းရှင်လူပြည်သူများအား လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော် မြတ်ကြီးကို ရည်မှန်းပူဇော် ဖူးမြော်ကြည်ညိုနိုင်ကြစေရန်အတွက် ရွှေတိဂုံစေတီ တော်မြတ်ကြီးကို တည်ထားကိုးကွယ်ရန် ရည်သန်ခဲ့ပါသည်။ ထို့ကြောင့် နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီးများနှင့် စစ်ကိုင်းတိုင်း မုံရွာမြို့ ဗောဓိတစ်ထောင် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တနာရဒနှင့် ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် ပုညနိမ္မိတာရာမ ရွှေသုဝဏ်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသဒ္ဓိယ မထေရ်မြတ် တို့၏ ဩဝါဒကိုခံယူကာ ရွှေတိဂုံစေတီတော်မြတ်ကြီး ဉာဏ်တော်ထက် အမြင့်တစ်ပေလျော့၍ ဉာဏ်တော် အမြင့် ၃၂၅ ပေဖြင့် ရွှေတိဂုံပုံတူ “ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး” ကို တည်ထား ကိုးကွယ်ခဲ့ကြပါသည်။
စေတီတော်မြတ်ကြီး၏ ဘွဲ့တော်ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ရဟန်းရှင်လူပြည်သူအပေါင်း ဘေးဥပဒ် အန္တရာယ် ရန်အသွယ်သွယ်ကင်းဝေးစေပြီး ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံစေရန် ရည်ရွယ်လျက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ်ခဲ့ပါသည်။ “ဥပ္ပါတ” ဖြစ်ပေါ်တွေ့ကြုံလာသည့် ဘေးအန္တရာယ် အားလုံးကို “သန္တိ” ငြိမ်းအေးစေခြင်း ဟူသော အနက်အဓိပ္ပာယ်ကို ရယူကာ ဥပ္ပါတသန္တိ စေတီတော် ဟူ၍လည်းကောင်း၊ စေတီတော်တည်ထားသည့် ကုန်းတော်အား “ဥပ္ပါတ သန္တိကုန်းတော်” ဟူ၍လည်းကောင်း ပူဇော်သမုတ်ခဲ့ကြပါသည်။ ဥပ္ပါတသန္တိစေတီတော် တည်နေရာသည် နေပြည်တော် ပျဉ်းမနားမြို့၊ အနောက်မြောက်ဘက် ၂ မိုင် ၄ ဖာလုံခန့်အကွာအဝေးရှိ သပြေတောင်အရှေ့မြောက်၊ ရွှေနှင်းဆီစေတီအနီး၊ ဥပုသ်တောရကျောင်း ကုန်းကြောပေါ်ရှိ မြင့်မားထွတ်မြတ် သော ကုန်းတော်ဖြစ်ပါသည်။ စေတီတော်၏ ဝတ္တကမြေအကျယ်အဝန်းသည် ၁၅၇ ဒသမ ၁၉ ဧက ကျယ်ဝန်းပါသည်။ စေတီတော်ကြီး တည်ထားကိုးကွယ်မည့် ကုန်းတော်၏ အလယ်ဗဟို တည်နေရာသည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၆ မိနစ် ၁၅ ဒသမ ၇ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၀ မိနစ် ၅၈ ဒသမ ၈ စက္ကန့်တွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်မှ အမြင့် ၅၁၉ ဒသမ ၇၆၁ ပေ ရှိပါသည်။
ဖော်ပြပါကုန်းမြေတွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဉာဏ်တော် အမြင့်ထက် ၁ ပေလျော့၍ ဉာဏ်တော်အမြင့် ၃၂၅ ပေရှိ ရွှေတိဂုံပုံတော်တူ ဤစေတီတော်မြတ်ကြီးကို နိုင်ငံတော်အကြီးအကဲ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံတော်အစိုးရနှင့် ပြည်သူပြည်သားတို့၏ နိဗ္ဗာန်ရည်မှန်း ပါဝင်လှူဒါန်းမှုတို့ဖြင့် ၄ – ၈ – ၂၀၀၆ရက်နေ့မှ စတင်တည်ဆောက်ခဲ့ရာ တည်ဆောက်ကာလ ၂ နှစ် ၈ လ ကြာပြီး ၉ – ၃ – ၂၀၀၉ရက်နေ့တွင် အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။
ကြည်ညိုသပ္ပာယ်ဖွယ် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား တည်ထားပူဇော် ရာတွင် မြန်မာ့ထုံးတမ်းစဉ်လာ ခေတ်အဆက်ဆက် လိုက်နာကျင့်သုံးခဲ့ကြသော သာသနာဝင်ကျမ်း၊ ဗုဒ္ဓဝင်ကျမ်း၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ သတ္ထုရူပက ဝိလာသနီ ကျမ်း၊ မြန်မာ့ရိုးရာ ပဋိမာမုဒြာသိပ္ပံကျမ်း အစရှိသော ကျမ်းဂန်စာပေတို့နှင့်အညီ အောက်ဖော်ပြပါ နဝမင်္ဂလ ကမ္မမင်္ဂလာအခမ်းအနားကိုးမျိုးဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်အောင်မြင်ခဲ့ပါသည် –
- ၄-၈-၂၀၀၆ရက်နေ့တွင် အနန္တရာယိကမြေသန့်မင်္ဂလာအခမ်းအနား
- ၁၂ -၁၁-၂၀၀၆ရက်နေ့တွင် ပန္နက်တော်တင်၊ တွင်းတော်ဝန်းမင်္ဂလာ အခမ်းအနား
- ၈-၂-၂၀၀၇ရက်နေ့တွင် ရတနာအုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနား
- ၉ – ၂ – ၂၀၀၉ ရက်နေ့တွင် သတ္တဌာန၊ မူလဌာပနာတော်သွင်း မဟာမင်္ဂလာအခမ်းအနား
- ၉ – ၂ -၂၀၀၉ရက်နေ့တွင် အလယ်ဌာပနာတော်သွင်း မဟာမင်္ဂလာ အခမ်းအနား
- ၉ – ၂ -၂၀၀၉ရက်နေ့တွင် ပန်းလည်တိုင်စိုက်ထူခြင်း မဟာမင်္ဂလာ အခမ်းအနား
- ၇-၃-၂၀၀၉ အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်မဟာမင်္ဂလာ အခမ်းအနား
- ၈ – ၃ – ၂၀၀၉ ရက်နေ့တွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင် မဟာမင်္ဂလာအခမ်းအနား
- ၉-၃-၂၀၀၉ရက်နေ့တွင် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနား