၂၀၂၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့ဓမ္မသဘင် မင်္ဂလာအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို

နေပြည်တော် မေ – ၃

၂၀၂၃ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓနေ့ဓမ္မသဘင် မင်္ဂလာအခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး  ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက် ကြည်ညိုကြသည်။

အခမ်းအနားသို့ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ မြင်းခြံမြို့၊ ကိုးဆောင်တိုက်၊ သီရိမာလာကျောင်း ကိုးဆောင်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇောတိပါလ၊ နိုင်ငံတော်ဩဝါဒါ စရိယ သောဠသမ ရွှေကျင်သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရတို့ အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူ ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး တို့နှင့် အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက မြင်းခြံဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သီတဂူဆရာတော်ကြီး ဟောကြားတော်မူသည့် ကဆုန်လပြည်ဗုဒ္ဓနေ့ ဆိုင်ရာ ဓမ္မကထာဒေသနာတော်ကို ရိုသေလေးမြတ်စွာ နာယူကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဓမ္မပူဇာ နဝကမ္မအလှူတော်ငွေကျပ် ၁၁၁၁ သိန်းကျော်ကို ပေးအပ် လှူဒါန်းရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို က ကပ္ပိယကာရကအဖြစ် လက်ခံရယူသည်။

ထို့နောက် သီတဂူဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။


Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zcjxpszw/public_html/uppatasantipagoda.org.mm/wp-includes/functions.php on line 5471

Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zcjxpszw/public_html/uppatasantipagoda.org.mm/wp-includes/functions.php on line 5471